မာန်အောင်မြို့နယ်၌ မုန်တိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှ အသက်(၇၀)နှစ်ထက် ဘိုးဘွားများအား မုန်တိုင်းခိုလုံရာနေရာသို့ ကြိုတင်ရွှေ့ပြောင်း

မာန်အောင်  မေ ၁၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်းတိုင်းဘေးကျရောက်နိုင်သည့် ကျေးရွာများမှ အသက်(၇၀)နှစ်အထက် ဘိုးဘွားများအား မုန်တိုင်း ခိုလုံရာနေရာသို့ ယနေ့ညနေပိုင်းက ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့​ ​ရွှေ့ပြောင်းဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွဋ်၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မောင်မောင်ဖြူနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်းနှင့်မီသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာရှိသဘာဝဘေးကယ်ဆယ်ရေးအဖွဲ့တို့က မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများမှ အသက်(၇၀)အထက်ဘိုးဘွားများအား ကြိုတင်ရွေ့ပြောင်းရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဥ်ဆောင်ရွက်လျက်ရှိရာ  သိမ္ဘလကျေးရွာအုပ်စု သိမ္ဘလကျေးရွာမှ အသက်(၇၀)ထက် အဘိုး(၃)ဦး၊ အဘွား(၁၂)ဦးတို့အား တောထူကျေးရွာအုပ်စု၊ ဆင်နားချောင်ကျေးရွာရှိ ခေမာသီတလဓမ္မရိပ်သာသို့လည်းကောင်း၊ ခအုန်းမော်ကျေးရွာအုပ်စု၊ ကူးတော့ဆိပ်ကျေးရွာရှိ အဘိုး(၅)ဦး၊ အဘွား(၉)ဦးတို့အား ရန်အောင်မြင်ရပ်ကွက်ရှိ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာသို့လည်းကောင်း၊ မီးလောင်ထောင့်ကျေးရွာအုပ်စု၊ ကျီချောင်းဝကျေးရွာရှိအဘိုး(၅)ဦး၊ အဘွား(၂၅)ဦး၊ စုစုပေါင်း(၃၀)ဦးနှင့် ဇလပ်ပြင်ကျေးရွာရှိ အဘိုး(၁၁)ဦး၊ အဘွား(၉)ဦးစုစုပေါင်း(၂၀)ဦးတို့အား မုန်တိုင်းခိုလုံရာ ကျီးချောင်းဝကျေးရွာ ရှိသဒ္ဓမ္မရံသီဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း​ ရွေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)