မန္တလေး၊ အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် Semi-Lockdown ချထားခံရသည့် ရပ်ကွက်နေ ပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် နှာခေါင်းစည်း (Mask)များ ထောက်ပံ့ပေး အပ်ခြင်းကို ယမန်နေ့ ညနေ၃နာရီခွဲက အောင်မြေသာစံမြို့နယ်ရှိ ဥပုသ်တော်ရပ်ကွက်နှင့် အမရဌာနီ အရှေ့ရပ်ကွက်တို့တွင် ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ ပေးအပ်သည့် စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် နှာခေါင်းစည်း (Mask) များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဦးတို့ကပေးအပ်ရာ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့်အတူ ဥပုသ်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညီညီလွင်၊ အမရဌာနီ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်ကင်းတို့က လက်ခံရယူကြသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းသည့်ပစ္စည်းများကို ဥပုသ်တော်ရပ်ကွက်အတွင်းရှိ Semi-Lockdown ချထားခံရသည့် အကွက် (၂၀) နှင့် အကွက် (၂၉) တို့တွင် နေထိုင်ကြသော အိမ်ထောင်စု (၂၂၄) စု၊ လူဦးရေ (၉၅၃) ဦးနှင့် အမရဌာနီအရှေ့ရပ်ကွက်၊ အကွက် (၃၆) မှ အိမ်ထောင်စု (၄၀) စု၊ လူဦးရေ (၁၈၅) ဦးတို့အတွက် တစ်ဦးလျှင် ဆန် (၁) ပြည်၊ ဆီ (၁) ပိဿာ၊ ခေါက်ဆွဲခြောက်ထုပ် (၁၅) ထုပ်နှင့် နှာခေါင်းစည်း (Mask)(၃)ခုစီတို့အား သက် ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရာအိမ်မှူးများက ပြည်သူများထံ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ဥပုသ်တော်ရပ်ကွက်မှ အကွက် (၂၀) နှင့် အကွက် (၂၉)၊ အမရဌာနီအရှေ့ရပ်ကွက်မှ အကွက် (၃၆) တို့ကို ယခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ညပိုင်းမှစတင်၍ Semi-Lockdown ချထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)