နမ့်ဆန်မြို့နယ်တွင် လိင်နှင့်မျိုးဆက်ပွားဆိုင်ရာအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်

နမ့်ဆန် မေ ၁၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းရှိ သင်တန်းခန်းမတွင် မေလ ၁၀ ရက်နေ့နံနက် (၉)နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကျန်းမာရေးဌာန) လူထုအားလုံးပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာများတည်ဆောက်ခြင်းစီမံကိန်းမှ လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ အသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျားတီက ယနေ့သင်တန်း ဖြစ်မြောက်အောင်ဆောင်ရွက်ပေးသော မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် စီမံချက်မန်နေဂျာတို့အား ကျေးဇူးတင်ရှိကြောင်းနှင့်၊ သင်တန်းသားများအနေဖြင့်လဲ သင်တန်းမှပို့ချပေးသော သင်ခန်းစာများကို သေချာလေ့လာမှတ်ယူပြီး မိမိကျေးရွာ၊ မိမိပတ်ဝန်းကျင်ရှိ လူထုများအား လက်ဆင့်ကမ်းပြီး ထပ်ဆင့်မျှဝေပေးကြရန်ပြောကြားကာ စီမံချက်ဌာနမှ ဒေါက်တာနေဝင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ သင်တန်းကိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သင်တန်းတွင် ကြက်ခြေနီလှုပ်ရှားမှုအကြောင်းသိကောင်းစရာ၊ လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးအကြောင်းသိကောင်းစရာများ၊ လိင်ပိုင်းဆိုင်ရာအခွင့်အရေး၊ လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးဝန်ဆောင်မှုပေးခြင်း အစရှိသည့် သင်ခန်းစာများပို့ချမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို မေလ(၉)ရက်မှ(၁၀)ရက်နေ့အထိ နှစ်ရက်ကြာဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး၊ စီမံချက်ဝင်ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၄၃)ဦး တက်ရောက်ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)