တန့်ယန်း မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)၏ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေသခံပြည်သူများအား လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေလျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ၏ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော သုံးသပ်ဆွေးနွေးပွဲနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် စီမံကိန်းကျေးရွာများမှ ကော်မတီဝင်များက သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)၏ ကျေးရွာများမှ မြစိမ်းရောင်စံပြဆု၊ ငွေစာရင်းထိန်းသိမ်းမှု အကောင်း ဆုံးဆု၊ စည်းလုံးညီညွတ်မှု အကောင်းဆုံးဆုနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော ကျေးရွာများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)