လှိုင် မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အသင့်စုဖွဲ့ထားရှိမှုနှင့် ရေပြင်ရှာဖွေကယ်ဆယ်ခြင်း ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခြင်းတို့ကို ယမန်နေ့ မွန်းလွဲ ၂နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာသို့ မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်မှ လာရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ပြီး မုန်တိုင်းမဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးနှိုးဆော်ခြင်း၊ မုန်တိုင်းကြရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးနှင့် စားဝတ်နေရေးများ ကူညီဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်နေမှုများအား ကြည့်ရှု့၍ လိုအပ်သည်များ ပေါင်းစပ ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနရုံး၊ မြို့နယ်မီးသတ် ဦးစီးဌာနမှူး ဦးဟိန်းလင်းထက်မှ မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ချက်ချင်းတုန့်ပြန် ဆောင်ရွက်နိုင်ရေးအတွက် လှိုင်မြို့နယ်၊ မီးသတ်စခန်းတွင် လူ၊ ယာဥ်၊ စက်ပစ္စည်းကိရိယာများဖြင့် အသင့်စုဖွဲ့ထားကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး၊ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်းတို့ ဖြစ်ပေါ်လာပါက အမြန်ဆုံး ကူညီကယ်ဆယ်နိုင်ရေးအတွက် ရေပြင်ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းအဆင့်ဆင့်ကို လူနှင့် အသက်ကယ်ပစ္စည်းများ အသုံးပြု၍ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျော်ရဲအောင်(ပြန်/ ဆက်)