မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်

မလှိုင်၊ အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား နိုင်ငံတော်မှထောက်ပံ့သည့်ငွေများထပ်ဆင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည် ။

ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက  နိုင်ငံတော်အစိုးရမှ ဝန်ထမ်းများအပေါ် အလေးထားဆောင်ရွက်ပေးသကဲ့သို့ ဝန်ထမ်းများဖက်မှလည်း ပေးအပ်သော လုပ်ငန်း တာဝန်များကိုကျေပွန်စွာ ထမ်းဆောင်ကြဖို့လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ညွန်ကြားချက်များနှင့် အညီနေထိုင်သွားကြရန်မှာကြားခဲ့သည်။ ယင်းနောက် နိုင်ငံတော်အစိုးရမှ ရပ်/ကျေးဝန်ထမ်းတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုံး ထောက်ပံ့ခဲ့သည့် ထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးကျော်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့်  ဒုတိယဦးစီးမှူးများက ဝန်ထမ်းတစ်ဦးချင်းစီအား ပြန်လည်ပေးအပ်ခဲ့သည် ။

အဆိုပါထောက်ပံ့ငွေများကို  ရပ်/ကျေးစာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် အသိပညာပေးခြင်း၊ လှည့်လည်ကြေညာခြင်း ၊ အခြေခံ လူတန်းစာများ ထောက်ပံ့ပေးအပ်ရန် စာရင်းဇယားများ ပြုစုရခြင်း၊ အထွေထွေရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ခံခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုရခြင်း၊ ပြင်ဆင်၊ဖြည့်စွက်ခြင်း စသည့်လုပ်ငန်းများတွင်  ပါဝင်ဆောင်ရွက်ရခြင်းများ ကြောင့်နိုင်ငံတော်မှထောက်ပံ့ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မလှိုင်မြို့နယ်တွင်ရပ်ကြီး(၄)ခု၊ ကျေးရွာအုပ်စု (၅၂) အုပ်စုရှိပြီး အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စုများမှ စာရေးဝန်ထမ်းစုစုပေါင်း(၅၆)ဦးကို ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်းသိရသည် ။

အောင်ဌေး(မလှိုင်)