လှိုင်သာယာ(အရှေ့ပိုင်း)၊ မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများအား သွားရောက်စစ်ဆေးခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်က လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်း မီးသတ်ဦးစီးဌာန၊ မီးသတ်စခန်းရုံးတွင် ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်သို့ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့များနှင့်တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် လူ၊ယာဉ်နှင့် စက်ပစ္စည်းများအား ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ရာ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူးက လိုက်လံပြသခဲ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင့်စုဖွဲ့ဆောင်ရွက်နေမှု အခြေအနေ၊ အသုံးပြုမည့်ပစ္စည်းများ စုဆောင်းထားရှိမှု ကြည့်ရှုစစ်ဆေး၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်မီးသတ်တပ်ဖွဲ့မှူးနှင့် အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က လမ်းညွှန်မှာကြားသည်။
ထိုသို့လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်စေရန်အတွက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီး အများပြည်သူများအနေဖြင့်လည်း မုန်တိုင်းအန္တရာယ် ကြိုတင်သတိပြုနိုင်ရန်၊ ဘေးလွတ်ရာသို့ အချိန်မီပြောင်းရွေ့နိုင်ရန် စသည့်တို့ကို နှိုးဆော်ထားရှိပြီးဖြစ်ရာ ဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေးပစ္စည်း စုဆောင်းရှိမှု အသင့်ကြိုတင် ပြင်ဆင်ထားရှိ ထားကြောင်း သိရသည်။
ခင်ဝင်းမူ