အာဆီယံ ကလေးသူငယ်များစာဖတ်ခြင်းယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ပြပါ (Read me a Book) အစီအစဉ်၏ “အသံထွက်၍စာဖတ်ပြခြင်း” သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် မေ ၁၂

သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)မှ ကြီးမှူးကျင်းပသော အာဆီယံကလေးသူငယ်များ စာဖတ်ခြင်းယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ပြပါ (Read me a Book) အစီအစဉ်၏ “အသံထွက်၍ စာဖတ်ပြခြင်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင်အမှတ် (၆၀၄/၆၀၈) ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည်။

 အဆိုပါအခမ်းအနားသို့ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ကျောင်းစာကြည့်တိုက်တာဝန်ခံ ဆရာ/ ဆရာမများ၊ Community Centre များနှင့် ကိုယ်ထူကိုယ်ထစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ၊ ပုဂ္ဂလိကကျောင်းစာကြည့်တိုက်မှူးများ၊ ရန်ကင်းပညာရေးကောလိပ်မှ ဆရာ/ ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် အနာဂတ်ခေါင်းဆောင်များ ဖြစ်လာမယ့် ကျောင်းသား၊ ကျောင်းသူ၊ကလေးလူငယ်များကို စာဖတ်တဲ့ အလေ့အထရရှိစေဖို့ ပြုစုပျိုးထောင်ပေးတဲ့အနေနဲ့ အာဆီယံနိုင်ငံများနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ ပူးပေါင်းပြီး အာဆီယံကလေးသူငယ်များ စာဖတ်ခြင်း ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း –ASEAN Children's Reading Culture Development Project” ကို (၃)နှစ်တာဆောင်ရွက်မည့် စီမံကိန်းလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်ရမှာဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းက ကျောင်းစာကြည့်တိုက်တွေ၊ ပြည်သူ့စာကြည့်တိုက်တွေ၊ ကိုယ်ထူကိုယ်ထစာကြည့်တိုက်တွေက စာကြည့်တိုက်မှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၃ ခုနှစ် မေလမှစက်တင်ဘာလအတွင်း “စာဖတ်ပြပါ” အစီအစဉ်ကိုကျင်းပသွားဖို့ စီစဉ်ထားရှိပါကြောင်း၊ အမျိုးသားစာကြည့်တိုက်က ဝန်ထမ်းတွေအနေနဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးတွေကို သွားရောက်ပြီးဒီအစီအစဉ်ကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ဒါကြောင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံမှ အခြေခံကျောင်းများ၊ စာကြည့်တိုက်များ၊ မိဘ၊ ဆရာများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းပါဝင်ဆောင်ရွက်သင့်ပါကြောင်း ပြောကြားပြီး အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူ၊ ဒေါက်တာကေသီအေးက စာဖတ်ပြပါ၊ အာဆီယံကလေးသူငယ်များစာဖတ်ခြင်းယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး (Read me a Book) အစီအစဉ်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အမျိုးသားယဉ်ကျေးမှူးနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ စာကြည့်တိုက်မှူး ဒေါ်မျိုးက အသံထွက်၍စာဖတ်ပြခြင်း သီအိုရီဆိုင်ရာ ရှင်းလင်းပို့ချခြင်း၊အမျိုးသားစာကြည့်တိုက်(ရန်ကုန်)မှ ဦးစီးအရာရှိ ဒေါ်စိုးသီတာက မူလတန်းနှင့်အလယ်တန်းအဆင့်ကလေးများကို အသံထွက်၍စာဖတ်ပြခြင်း လက်တွေ့သရုပ်ပြသင်ကြားခြင်းကို ဆောင်ရွက်ခဲ့သည်။

ထို့နောက်သင်တန်းသား/ သင်တန်းသူများမှအသံထွက်၍ စာဖတ်ပြခြင်းကို လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြသည်။ မေလ(၁၂) ရက်နေ့ (သောကြာနေ့) တွင်အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ခြင်း၊  မူလတန်းနှင့် အလယ်တန်းအဆင့်ကလေးများအားသင်တန်းသား/ သင်တန်းသူများက လက်တွေ့စာဖတ်ပြခြင်းနှင့် သင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ ဆက်)