သံဖြူဇရပ် မေ ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီ၏စီမံမှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်း၊ မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့လိုက်လံနှိုးဆော်ရာတွင် သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ စက်စဲကမ်းခြေနှင့် ဓမ္မင်းဆိပ်ကျေးရွာ လူစည်ကားရာနေရာများတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မိဘပြည်သူများအနေဖြင့် သိရှိလိုက်နာနိုင်ရေးနှင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သိရှိလိုက်နာရမည့် အချက်များတို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ကာ မုန်တိုင်းဘေးပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
အလားတူ ယနေ့တွင် သံဖြူဇရပ်မြို့နယ်အတွင်း၌ ထင်းရူးကျေးရွာအုပ်စုရှိ လေယာဥ်ကွင်း ကျေးရွာ၊ အနင်းကျေးရွာ၊ ပငကျေးရွာ၊ ကျိုက္ခမီမြို့ရှိ မန်းရတနာ၊ ရန်အောင်မြေ၊ အောင်သုခရပ်ကွက်များသို့ မုန်တိုင်းဘေးကာကွယ်နိုင်ရန် သတိပေးချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)