ကွန်ဟိန်းမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်

ကွန်ဟိန်း မေ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကွန်ဟိန်းမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့နံနက် ၈ နာရီခန့်က အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဟိတကာရီခန်းမရှေ့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသိန်းဇော်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်မျိုးသန့်တို့က ရှာဖွေရေးကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများရှာဖွေစုဆောင်းထားရှိရေး၊ သဘာဝဘေးအန္တရာယ်များ မကျရောက်မီ ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အလေးထားဆောင်ရွက်ရမည့်နည်းလမ်များအား အသိပညာပေးဟောပြောကြပြီး ရေပြင်ကယ်ဆယ်ရေး လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ ကယ်ဆယ်ရေးပစ္စည်းအသုံးပြုပုံများအား သရုပ်ပြသခဲ့သည်။

အဆိုပါ လက်တွေ့သရုပ်ပြသမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ကြက်ခြေနီအသင်းဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)