ဒဂုံဆိပ်ကမ်း မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်မီးသတ်စခန်းတွင် သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ဒဂုံမြို့သစ်ခရိုင် ခေတ္တရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျှင်အမြန်တုံ့ ပြန် ဆောင်ရွက်နိုင်စေရေးအတွက် ရှာဖွေကယ်ဆယ်ရေးတပ်စု (၃၅)ဦးစုဖွဲ့ထားရှိမှု၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှု၊ ရိက္ခာခြောက်စုဆောင်းထားရှိမှု(ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ သောက်သုံးရေ) စုဆောင်းထားရှိမှု၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီထွန်းက လိုက်လံပြသခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည်များကို မှာကြားခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်စေရန်အတွက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ကြိုတင်ပြင်ဆင်ထားရှိထားကြောင်း သိရသည်။
အေးမဥ္ဇူ (ပြန်/ ဆက်)