ကွမ်းလုံ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့ နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်သွင်းလျက်ရှိသည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကုန်တင်ယာဉ်များ သွားလာမှုနှင့် စပ်လျဉ်း၍ စံသတ်မှတ်ချက် (Standard Operating Procedure - SOP) အရ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Antigen Diagnostic Test Kit ဖြင့် ယမန်နေ့ နံနက်(၆)နာရီအချိန်ခန့်က စတင်စစ်ဆေးခဲ့ရာ ကုန်တင်ယာဉ်(၁၆၀)စီးမှ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၃၂၀)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း ကွမ်းလုံမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုးများ စစ်ဆေးဆောင်ရွက်ရာတွင် ကွမ်းလုံမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ချင်းရွှေဟော်မြို့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ဆေး ဆောင်ရွက်နေမှု အခြေအနေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကြည့်ရှု စစ်ဆေးခဲ့သည်။ ကျန်ရှိနေသော ကုန်တင်ယာဉ်(၁၄၀)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား အောက်တိုဘာ(၆)ရက်နေ့တွင် ဆက်လက်စစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)