ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်

ဘူးသီးတောင် မေ ၁၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျစီစဥ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းမှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်များကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု

Commend Post ရုံးခန်းဖွင့်လှစ်ပြီး ကော်မတီအဖွဲ့(၁၂)ဖွဲ့စည်းပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဘူးသီးတောင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ထားရှိခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ၊ အင်အားအစုအဖွဲ့များ ပြင်ဆင်ထားရှိမှုနှင့် ဘေးလွတ်ရာခုံလှုံရန် ကျေးရွာ(၂၁)ရွာရှိပြီး ယနေ့အထိ ကျေးရွာ(၁၁)ရွာမှ ပြည်သူများအား ရွေ့ပြောင်းရေးဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဘေးလွတ်ရာသို့ ခိုလှုံပြောင်းရွှေ့မည့် ပြည်သူများအား ထောက်ပံ့နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်(၅၀၀)၊ ဆီပိသာ(၁၅၀၀)၊ ဆား(၅၀၀)၊ ငပိ(၅၀)ပိသာစုဆောင်းထားရှိပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှလည်း အိမ်ထောင်စု(၂၀၀)စုအတွက် ပစ္စည်း(၁၆)မျိုးစုဆောင်းထားရှိပြီး မြို့နယ်လူမှုရေး အသင်းအဖွဲ့များလည်း ကူညီထောက်ပံ့နိုင်ရေး စီစဥ်ထားရှိကြောင်း သိရသည်။

မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့အချိန်နှင့်တပြေးညီ သိရှိနိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက သတင်းများအချိန်မီ ထုတ်ပြန်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)