ဟိုပန်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သရုပ်ပြသခြင်းဆောင်ရွက်

ဟိုပန် မေ ၁၂

သဘာဝဘေးအန္တရာယ်များ  ကြိုတင်ကာကွယ်နိုင်ရေးနှင့်အရေးပေါ် တုံပြန်ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့်သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ လွတ်လပ်ရေးကျောက်တိုင်ဝင်းအတွင်းပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးကြီး မင်းမောင်၊ တိုင်း/မြို့နယ်/ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမင်းမောင်က သဘာဝဘေးအန္တရာယ်ကျရောက်လာပါက တပ်မတော်သားများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အမိန့်ကို စောင့်ဆိုင်းရန်မလိုပဲ ချက်ခြင်းကူညီဆောင်ရွက်ပေးရန် ညွှန်ကြားထားပါကြောင်း၊ သဘာဝဘေး ဖြစ်ပေါ်လာပါကလည်း ဖွဲ့စည်းထားသည့် ကော်မတီများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဥက္ကဋ္ဌဦးညီနပ်နှင့်အဖွဲ့သည် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကွပ်ကဲမှုနှင့် စီမံခန့်ခွဲ မှုအဖွဲ့၊ လုံခြုံရေးလုပ်ငန်းအဖွဲ့၊ ပို့ဆောင်ရေးနှင့်လမ်းကြောင်းရှင်းလင်းရေးအဖွဲ့၊ ရှာဖွေကယ် ဆယ်ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ အရေးပေါ် ထောက်ပံ့ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များကို အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းကိရိယာများ၊ စက်ယန္တရားများ၊ ယာဉ်များ၊ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ၊ ကျန်းမာရေးအသုံးပြုမည့် ပစ္စည်များနှင့်ဆေးဝါးများကို လှည့်လည်ကြည့်ရှုပြီး  လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)