ပျဉ်းမနားမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ မုန်းတိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

ပျဉ်းမနား မေ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊‌ ပျဉ်းမနားမြို့နယ်အတွင်း မုန်းတိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းလွင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ပျဉ်းမနားမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေများအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးခြင်းများ ဆောင်ရွက်ခြင်း၊ မုန်တိုင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းကျရောက်လာပါက ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းအဆင့် သတ်မှတ်ချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် ရှောင်ရှားရမည့်အချက်များ၊ မုန်တိုင်းပြီးချိန်တွင် ဆောင်ရွက်ရမည့်အချက်များနှင့် မုန်တိုင်းကျရောက်ပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများအား ဆက်သွယ်ရန် ဖုန်းနံပါတ်များအား လိုက်လံအသိပေးနှိုးဆော်ခဲ့ပြီး နေပြည်တော်ကောင်စီမှ ထုတ်ဝေသည့် မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)