ကျောက်တလုံးကြီး မေ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လဲပြိုကျနိုင်ပြီး ထိခိုက်မှုအန္တရာယ်ရှိနိုင်သည့် လမ်းဘေးဝဲယာရှိ သစ်ပင်၊ သစ်ကိုင်းကြီးများကို ယမန်နေ့နံနက် (၈)နာရီက ခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။
အဆိုပါ သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းခြင်းကို မြို့သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ ပါဝင်သော အဖွဲ့မှ မိုးသက်လေပြင်းကျ၍ မုန်တိုင်းငယ်တိုက်ခတ်လာပါက လဲပြိုကျနိုင်ပြီး ထိခိုက်မှုအန္တရာယ်နှင့် လမ်းပိတ်ဆို့မှုအန္တရာယ်များ ဖြစ်ပွားနိုင်သည့်အတွက် မြို့သစ်တောဦးစီးဌာနအနီး ကျောက်တလုံးကြီး-တောင်ကြီး လမ်းမကြီးဘေးရှိ သစ်ပင်၊ သစ်ကိုင်းကြီးများကို ခုတ်ထွင် ရှင်းလင်းရခြင်း ဖြစ်သည်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်သည် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်နိုင်မည့် အခြေအနေရှိသဖြင့် ကျောက်တလုံးကြီးမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အန္တရာယ်ရှိနိုင်သော သစ်ပင်၊ သစ်ကိုင်းကြီးများကို ခုတ်ထွင်ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)