မိုးမိတ် မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ခရိုင်မီးသတ်ဦးစီးဌာနစခန်း၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေချစစ်ဗျုဟာ(မိုးမိတ်)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးရဲဇော်မျိုးက သဘာဝဘေးမကျရောက်မီနှင့် သဘာဝဘေးကျရောက်ပါက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအနေဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ဆက်လက်ပြီး သဘာဝအန္တရာယ်ကျရောက်လာပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ခရိုင်နှင့်မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ထိခိုက်ဒဏ်ရာရလူနာအား ထမ်းစင်၊ လူကိုယ်တိုင်တို့ဖြင့် ကယ်ဆယ်ခြင်းသရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီးရဲဇော်မျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ ခရိုင်နှင့် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဝင်များက သဘာဝဘေးကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးကိရိယာများ၊ လူနာတင်ယာဉ်များ၊ တပ်နယ်မိသားစုမှ ထောက်ပံ့ပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်းများထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စည်သူဌေး(ခရိုင်၊ ပြန်/ဆက်)