စစ်တွေ မတ် ၁၁
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် အားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)အဖြစ်ရောက်ရှိလာပြီဖြစ်သည့်အတွက်ကြောင့် စစ်တွေ မြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သော နေရာများမှ ပြည်သူများနှင့် ပစ္စည်းများအား ရွှေ့ပြောင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် စစ်တွေမြို့၊ မိဇံကမ်းနားလမ်းတွင် နေထိုင် ကြသည့် ပြည်သူများနှင့်တွေ့ဆုံပြီး မုန်တိုင်းဖြစ်ပေါ်နေသည့်အခြေအနေ၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည့်အခြေအနေ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန် ဆောင်မိခင်များအား ရွှေ့ပြောင်းရမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မြို့မဈေးကြီးအတွင်း၌ ဈေးရောင်းချနေကြသည့် ဈေးသူ၊ ဈေးသားများနှင့် တွေ့ဆုံပြီး မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ပျက်စီးဆုံးရှုံးနိုင်သော ပစ္စည်းများ၊ စားသောက်ကုန်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားနိုင်ရေး၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက လုံခြုံစွာထုတ်ပိုးထားနိုင်ရေးတို့ကို တိုက်တွန်းဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ ဘာဆာရာတွင် နေထိုင်ကြသူများနှင့် IDP စခန်းတွင် နေထိုင်ကြသည့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မုန်တိုင်းဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရာချထားရန်အတွက် အစိုးရ နည်းပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အနောက်စံပြရပ်ကွက်၊ ဘာဆာရာတွင် နေထိုင်ကြသူများနှင့်တွေ့ဆုံပြီး မုန်တိုင်းအန္တရာယ်ကျ ရောက်နိုင်သည့် အခြေအနေများ၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ပြီး တက္ကသိုလ်အားကစားခန်းမ၌ သဲချောင်း IDP စခန်းတွင် နေထိုင်ကြသူများအား ရွှေ့ပြောင်း နေရာချထားနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဂစ္ဆပရပ်ကွက်၊ ရန်ပြေ၊ မာန်ပြေဘုရားကြီးအနီးတွင် ဈေးရောင်းချနေကြသည့် ဈေးသူ၊ ဈေးသားများ၊ ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံပြီး မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် အခြေအနေများ၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ဆွေးနွေးပြောကြားကာ ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဂစ္ဆပရပ်ကွက်ကမ်းနားအနီးတွင် ဝင်ထွက်သွားလာနေကြသည့် ခရီးသည်တင်မော်တော်များ၊ ငါးဖမ်းစက်လှေများ၊ လှေသမ္ဗာန်များအား မြို့လယ်ချောင်းနှင့် ဆတ်ရိုးကျချောင်းအတွင်း မုန်တိုင်း အန္တရာယ်မှ တိမ်းရှောင်ခိုလှုံနေထိုင်နေမှုအား သွားရောက်ကြည့်ရှုကြကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)