ကျောက်ဖြူ မေ ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့သည် မုန်တိုင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ လျော့ပါးစေရန်၊ ရှာဖွေကယ်ဆယ်နိုင်ရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများပြုလုပ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အဆိုပါအဖွဲ့သည် (ကျောက်ဖြူ) ဘိုးဘွားရိပ်သာသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဘိုးဘွားရိပ်သာကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များက (ကျောက်ဖြူ) ဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အဘိုးအဘွားများအတွက် လုံခြုံစိတ်ချမည့်နေရာတွင် ပြောင်းရွှေ့နေထိုင်ရေး၊ စားသောက်ရေး အစီအမံများထားရှိဆောင်ရွက်ရေး၊ အရေးပေါ် ဆေးဝါးများထားရှိရေး၊ သောက်သုံးရေများ လုံလောက်မှုရှိစေရေး၊ လိုအပ်လာပါက ဆက်သွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ရေးတို့အား လမ်းညွှန်မှာကြားရာ ၎င်းရိပ်သာရှိ တာဝန်ရှိသူများက ရိပ်သာတွင် မုန်တိုင်းဘေးကြိုတင် ကာကွယ်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့သည် (ကျောက်ဖြူ) ဘိုးဘွားရိပ်သာရှိ အဆောက်အဦများ၏ ကြံ့ခိုင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။
ကျောက်ဖြူမြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်၊ကျေးရွာများ၌ ပြည်သူလူ ထုအား အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ ယာယီခိုလှုံရာစခန်းများ သတ်မှတ်ထားရှိခြင်း၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ Command Post အဖွဲ့အား ဖွဲ့စည်းတာဝန်ပေးဆောင်ရွက်ထားရှိခြင်း၊ စားနပ် ရိက္ခာ၊ ရေနှင့် ဆေးဝါးများ၊ အရေးပေါ်ဆေးကုရာနေရာများ သတ်မှတ်စုဆောင်းထားရှိခြင်း၊ မုန်တိုင်းသတိ ပေးချက်များ ကပ်ထားခြင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီနှိုးဆော်ခြင်းများ စသည့် မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)