မြောက်ဦးခရိုင်  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများ အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

မြောက်ဦး   မေ  ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နေ့လယ် ၁၂ နာရီက ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကော်မတီများဖွဲ့စည်းကာ ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကို ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊မြောက်ဦးခရိုင်အတွင်းရှိ မြစ်၊ ချောင်းနံဘေးတွင် နေထိုင်သော ကျေးရွာအုပ်စုများကို ဘေးလွှတ်ရာသို့ ကြိုတင်ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ထိရှလွယ်အုပ်စုများ ဖြစ်သော ကလေး၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုများကို ကြိုတင်၍ လုံခြုံမှုရှိသော နေရာ၌ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပြောင်းရွှေ့လာသော ပြည်သူများအား စားနပ်ရိက္ခာဖူလုံစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စေရေးအတွက် လုံခြုံမှုရှိသောနေရာ၌ ကြိုတင်ပြောင်းရွှေ့၍ ဆေးဝါးများ အသင့်ထားရှိမှုအခြေအနေ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မုန်တိုင်းဘေးအန္တရာယ် နှိုးဆော်မှုနှင့် မုန်တိုင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေထားရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဖွဲ့စည်းထားသော ဆပ်ကော်မတီအလိုက် လိုအပ်သည်များကို ရှင်းလင်းပြောကြားရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီများ အရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်းသိရသည်။

 မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)