ကျောက်ပန်းတောင်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် ဌာနဆိုင်ရာများ ပူးပေါင်း၍ လှည့်လည်အသိပေး

ကျောက်ပန်းတောင်း   မေ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း Mocha နှင့်ပတ်သက်၍ သဘာဝဘေးကျရောက်လာနိုင်သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားနိုင်စေရန်အတွက် ယနေ့နံနက်(၁၁)နာရီက မီးသတ်မော်တော်ယာဉ်ဖြင့်  မြို့ပေါ်လမ်းများအလိုက် လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်လင်း ဦးဆောင်သည့် မီးသတ်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့် ဝန်ထမ်းများ သည်၊ ဆိုင်ကလုန်း မုန်တိုင်း Mocha နှင့်ပတ်သက်၍ ပြည်သူများ သတင်းမှန်သိရှိစေရန်နှင့် မိုး လေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းသတိပေးချက်များကို ပြည်သူများ အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် မြို့ပေါ်လမ်းမများအလိုက် မီးသတ်ဦးစီးဌာန မော်တော်ယာဉ်ဖြင့် လှည့်လည်အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ သတိပေး ဆော်ဩခြင်းများကို ယမန်နေ့ ညနေ(၅:၃၀)နာရီမှ (၇)နာရီအထိ မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းနှင့်ဝန်ထမ်းများက လှည့်လည်ဆောင်ရွက်ခဲ့ကြသည့်နည်းတူ ကျေးရွာများတွင်လည်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများမှတဆင့် အသံချဲ့စက်ဖြင့် အသိပေးဆော်ဩခြင်းများ ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

နေအောင်(ပြန်/ဆက်)