ချမ်းအေးသာစံမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး မြေစိုက်နံရံကပ်ဘုတ်ပြသ

ချမ်းအေးသာစံ      မေ     ၁၁

မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးပြသခြင်းကို မေလ ၁၁ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ယင်းမြေစိုက်နံရံကပ်ဘုတ်တွင် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များ အကြောင်း၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များနှင့် အရောင်အညွှန်းဖြင့် လုပ်ဆောင်ရမည့် အချက်များအကြောင်း၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ မုန်တိုင်းကျရောက်သည့်အခါ ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းကျရောက်ပြီးပါက ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခိုက်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် သတိပြုနေထိုင်ကြရန်၊ မြစ်ချောင်းကမ်းအနီးတွင် နေထိုင်ကြ သူများကလည်းရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဖြင့် သတိပြုနေထိုင်ကြရန် စသည့် အကြောင်းအရာများ ပါဝင်ပြီး ဒေသခံပြည်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်