ပြင်ဦးလွင် မေ ၁၁
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီကစတင်၍ ဌာနဆိုင်ရာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုပေါင်းကာ လားရှိုးလမ်းမ ဈေးလေးလမ်းဆုံနေရာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြင်ဦးလွင် လူမှုကူညီရေးအသင်းနှင့် သန္တိသုခစသည့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သော စုစုပေါင်း အင်အား ၈၇ ဦးတို့ဖြင့် လမ်းသွားလမ်းလာများ၊ ခရီးသွားပြည်သူများ၊ ဈေးရောင်း ဈေးဝယ်သူများနှင့် ဒေသခံ ပြည်သူများထံသို့ နှာခေါင်းစည်း "Mask" အခု (၅၀၀၀) တို့အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
၂၀၂၃ ဧပြီလဆန်းမှစ၍ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာပြီး ကျန်းမာရေးဝန်ကြီးဌာနမှ လေ့လာ ဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ ပြောင်းရောဂါပိုး XBB.1.16သည် ကူးစက်ဖြစ်ပွါးမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇) ဆ ပိုမိုမြန်ဆန်ပြီး ရောဂါပြင်းထန်မှုနှင့် ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုမြင့်မားခြင်း မရှိသော်လည်း မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ စနစ်တကျတပ်ဆင်ခြင်း၊ နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် မိမိနေအိမ်တွင် အသွားအလာ ကန့်သတ်နေထိုင်ကြရန်တို့ကို အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
အလားတူ ပြင်ဦးလွင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် (၃၀၀) အား ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ မေလ (၁၁)ရက်နေ့၊ နံနက်(၁၀)နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Strom) “မိုခါ(MOCHA)” အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၆၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၄၇၅)မိုင်ခန့်၊ စစ်တွေမြို့ (Sittwe) ၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၆၁၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊ ပို့ပလဲယား (Port Blair)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Cox’s Bazar) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၆၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ် နေကြောင်းနှင့် ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်အရ ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်ဟု မိုးလေ၀သအခြေအနေ ကြေညာထားကြောင်း သိရသည်။
ဖြူလူသစ်(ခရိုင်ပြန်/ဆက်)