နမ့်စန်(တ) မေ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင် ၊နမ့်စန်မြို့နယ်တွင် မော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲ က အမှတ်(၂)ရပ်ကွက် ၊ မြို့နယ်ပညာရေးမှူးရုံးရုံးရှေ့၊ နမ့်စန်-ခိုလန် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ရဲတပ်ကြပ်ကြီး သောင်းစိန်နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသော မော်တော်ယာဉ်များကို ရပ်တန့်၍ဖောင်းကြွနံပါတ်ပြားအသစ်များ တပ်ဆင်ထားခြင်း ရှိ/မရှိ ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖောင်းကြွနံပါတ်ပြားအသစ်များ ပြောင်းလဲတပ်ဆင်သွားလာရန်အတွက် ပညာပေးကာလ ကျော်လွန်ပြီဖြစ်သည့်အတွက် ဖောင်းကြွနံပါတ်ပြားအသစ် ပြောင်းလဲတပ်ဆင်ရန် ကျန်ရှိသည့် မော်တော်ယာဉ်များအနေဖြင့် အမြန်ဆုံးဆောင်ရွက်ရန်နှင့် ရှောင်တခင် စစ်ဆေးမှုများကို နေ့စဉ်ဆောင်ရွက်၍ နံပါတ်ပြားအသစ် မတပ်ဆင်ထားသည့် ယာဉ်များကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)