ကွန်ဟိန်းမြို့၌ Covid-19 ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကွန်ဟိန်း မေ ၁၁

Covide-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံတိုင်းရင်းသာပြည်သူများ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်အသုံးပြုသွားလာကြစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ယနေ့ နံနက် ၇ နာရီခန့်က Covid-19 ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဦး၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သက်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များတို့က လူစည်ကားရာနေရာဖြစ်သော ကွန်ဟိန်းမြို့မဈေး အတွင်း/အပြင်နှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ စဝ်စံထွန်းလမ်းနှင့် ကွန်ဟိန်း-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ ဖြတ်သန်းသွားလာသော မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင် သွားလာရေး၊ လက်ကိုမကြာခဏ ဆေးကြောရန် စသည်များကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတိပေးချက်များအား အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)