မိုးနဲမြို့နယ်၌ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) သုံးသပ်ဆွေးနွေးပွဲကျင်းပ

မိုးနဲ မေ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ ဘဏ္ဍာ‌ရေးနှစ်အလိုက်‌ ဆောင်ရွက်လျက်ရှိသော မြိစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်နိုင်ရန်ရည်ရွယ်၍ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အတွင်း ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ခဲ့သည့် ကျေးရွာများမှ တက်ရောက်လာသော မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ကျေးရွာကော်မတီဝင်များက စီမံကိန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ ဆက်လက် ဆောင်ရွက်လိုသည့် လုပ်ငန်းများကိုတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်းသိရပြီး ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းလုပ်ငန်းများ အကောင်းဆုံး အကောင်အထည်ဖော်ဆောင်နိုင်သော ကျေးရွာသုံးရွာကို တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)