ညောင်ဦးမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ညောင်ဦး  မေ  ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့တွင်  မုန်တိုင်းအန္တရာယ်ကြို တင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က လူစည်ကားရာ နေရာများဖြစ်သည့်မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့် ရပ်ကွက်များအတွင်းလိုက်လံ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ လိုက်လံအသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူများအား မုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုများ လျော့ကျနိုင်စေရန်၊ မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်သင်သည့်လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများသိရှိစေရန်နှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ကြေညာသော မုန်တိုင်းသတင်းများကို နားထောင်ကြရန်နှင့်မုန်တိုင်း အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပညာပေးချက်များအား ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့ပြီး မုန်တိုင်းဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များ ပြည်သူများအားဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း