သံတွဲမြို့၌ မုန်တိုင်းသတိပေးချက်များအား မြို့ပေါ်ရပ်ကွက်များအနှံ့ အသိပေးနှိုးဆော်

သံတွဲ မေ ၁၁

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ လေဖိအားနည်းရပ်ဝန်း သတိပေးချက်များအား သံတွဲမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်(၁၀)နာရီအချိန်က သံတွဲမြို့ပေါ်ရပ်ကွက်များအနှံ့ လိုက်လံနှိုးဆော် အသိပေးခဲ့ကြောင်း သိရသည်။

အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီများနှင့် ချိတ်ဆက်ပြီးသဘာဝဘေးဖြစ်ပွားမှု အခြေအနေများကို အချိန်နှင့်တပြေးညီတင်ပြ၍ ကူညီကယ်ဆယ်ရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်ပါ ကြောင်းစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ဆိုင်ကလုန်းမုန်တိုင်း ၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း  သံတွဲမြို့ပေါ် ရပ်ကွက်များအနှံ့ အသိပေးနှိုးဆော်ခြင်း၊ ပင်လယ်ကမ်းခြေ၊ မြစ်ကမ်းဘေးအနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာယာယီခိုလှုံရေးစခန်းများသို့ ကြိုတင်ပြောင်းရွှေ့ကြရန်နှင့် မုန်တိုင်းအသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးအောင်(ပြန်/ဆက်)