တာလေမြို့၌ အိမ်အသုံးအဆောင်ပစ္စည်းများပြုလုပ်ရောင်းချခြင်းဖြင့် အမြတ်ငွေပိုမိုရရှိသဖြင့် ပြုလုပ်ရောင်းချသူများပြား

တာလေ မေ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဘိလပ်မြေ၊ သဲ၊ ကျောက်နှင့် သံချောင်းတို့ဖြင့် ပြုလုပ်သော အိမ်အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရောင်းချခြင်းဖြင့် ရောင်းအားကောင်းသည့်အပြင် အမြတ်ငွေပိုမိုရရှိသဖြင့် ပြုလုပ်ရောင်းချသူများပြားလျက်ရှိကြောင်း သိရသည်။

တာလေမြို့တွင် အိမ်ဆောက်ရာ၌အသုံးပြုသော ဘိလပ်မြေနှင့် သဲတို့အား အချိုးကျရောစပ်ပြီး ပုံစံခွက်အတွင်း ထည့်သွင်း ပြုလုပ်ကာ အခြောက်ခံရသော ဘလောက်အုတ်နှင့် ပန်းဘလောက်အုတ် များအပြင် ဘိလပ်မြေ၊ ကျောက်နှင့် သဲတို့အား အချိုးကျရောစပ်ပြီး သံချောင်းထည့်သွင်းကာ ပုံစံခွက်အတွင်း ထည့်သွင်းပြုလုပ်အခြောက်ခံရသည့် အိမ်ဆောက်ရာတွင် အိမ်တိုင်အဖြစ်သော် လည်းကောင်း၊ ခြံစည်းရိုး တိုင်အဖြစ်သော်လည်းကောင်းအသုံးပြုရသည့် ကွန်ကရစ်အုတ်တိုင်များ၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းအတွင်း အသုံးပြုရသည့် ဂွေများ၊ ရေတွင်းအတွင်း မြေပြိုကျမှုမရှိစေရန် ထည့်သွင်း၍သော်လည်းကောင်း၊ ရေလှောင်ကန်အဖြစ်သော်လည်းကောင်း ပြုလုပ်၍ရသော ဂွေများအား အသုံးပြုသူများပြား လျက်ရှိသဖြင့် အဆိုပါ ပစ္စည်းများအား ပြုလုပ်ရောင်းချခြင်းဖြင့် ရောင်းအားကောင်းသည့်အပြင် အမြတ်ငွေ ပိုမိုရရှိသဖြင့် ပြုလုပ်ရောင်းချ သူများပြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အိမ်အသုံးအဆောင်ပစ္စည်းများအား  တာလေမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်အတွင်း နေထိုင်သူများက အများဆုံးပြုလုပ်ရောင်းချကြပြီး အိုးမကွာ၊ အိမ်မကွာဖြင့် တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချနိုင်သည့်အပြင် ဘလောက်အုတ်တစ်လုံးလျှင် (၅၀၀)ကျပ်၊ ပန်းဘလောက်အုတ် တစ်လုံးလျှင်(၁၀၀၀)ကျပ်၊ ကွန်ကရစ်တိုင် တစ်ချောင်းလျှင် အကြီးအသေးပေါ် မူတည်၍ (၁၅၀၀၀)ကျပ်မှ (၃၀၀၀၀)ကျပ်၊ ရေမြောင်းဂွေ တစ်ဂွေလျှင် အကြီးအသေးပေါ်မူတည်၍ (၃၅၀၀၀)ကျပ်မှ (၅၀၀၀၀)ကျပ်၊ ရေတွင်းဂွေတစ်ဂွေလျှင် အကြီးအသေးပေါ်မူတည်၍ (၂၅၀၀၀)ကျပ်မှ (၃၀၀၀၀)ကျပ်ခန့်ဖြင့် ရောင်းချရကြောင်း အိမ်အသုံးအဆောင် ပြုလုပ်ရောင်း ချနေသူ အမှတ်(၁)ရပ်ကွက်မှ ဦးစိုင်းစာက ပြောသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)