တာလေမြို့၌ မျှစ်ခါးတူးဖော်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

တာလေ မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဒေသထွက်မျှစ်ခါးများ တူးဖော်ချိန်ရောက် ရှိလာပြီဖြစ်ရာ ဈေးကောင်းရသဖြင့် မျှစ်ခါးတူးဖော်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

တာလေမြို့ရှိ ဒေသခံတိုင်းရင်းသားများအနေဖြင့် ဒေသထွက်မျှစ်ခါးများကို တောထဲတွင် နှစ်စဉ် မတ်လမှ စတင်ရှာဖွေတူးဖော်ကြပြီး မေလတွင် လှိုင်လှိုင်ထွက်ရှိကြောင်း၊ ရှာဖွေတူးဖော် ရရှိလာသည့် မျှစ်ခါးများအား ဈေးထဲတွင် တစ်ဆင့်ခံပြန်လည်ရောင်းချသော ဈေးသည်များအား ဖောက်သည်ဈေးဖြင့်သော်လည်းကောင်း၊ ဈေးနှင့် လူစည်ကားရာနေရာများတွင် ကိုယ်တိုင်ကိုယ်ကျ လိုက်လံ၍သော်လည်းကောင်း ရောင်းချကြပြီး ရောင်းချရာ၌လည်း မျှစ်ခါးတစ်ပုံလျှင် အနည်းဆုံး ထိုင်းဘတ်ငွေ (၁၀၀) ဘတ်၊ မြန်မာငွေ (၈၅၀၀) ကျပ်ဖြင့် ရောင်းချရသဖြင့် မျှစ်ခါးရှာဖွေ တူးဖော်နိုင်လျှင် တူးဖော်နိုင်သလောက် ဝင်ငွေရရှိသဖြင့် မျှစ်ခါးတူးဖော်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အဆိုပါမျှစ်ခါးများသည် အခါးဓာတ်အနည်းငယ်ရရှိသော်လည်း မီးဖုတ်ကာ အတို့အမြှပ်အနေဖြင့် သော်လည်းကောင်း၊ ပြုတ်ပြီး ဟင်းရွက်များနှင့်ရောနှောကာ ကြော်၍သော်လည်းကောင်း စားသုံးနိုင်ပြီး အရသာထူးကဲကောင်းမွန်ကြောင်း၊ တစ်နှစ်လျှင်တစ်ခါသာ ထွက်ရှိသော အဆိုပါ မျှစ်ခါးအား ကြိုက်နှစ်သက်သူများပြားသဖြင့် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)