ကျောက်ပန်းတောင်း မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း Mocha နှင့်ပတ်သက်၍ လိုအပ်လာပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေး စုဖွဲ့မှုကို၊ မေလ(၁၁)ရက်နေ့ နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း ဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အစဉ်သင့်ပြင် ဆင်ထားရှိမှု၊ ဌာနဆိုင်ရာများအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ အစဉ်သင့် စုဖွဲ့ထားရှိမှုတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြရာ စုဖွဲ့ပြင်ဆင်ထားရှိမှုနှင့် ပတ်သက်၍ လုပ်ငန်းသုံးပစ္စည်းများ၏ စွမ်းဆောင်နိုင်မှုအခြေအနေ၊ ယာယီရွက်ဖျင်တဲများ ပြင်ဆင်ထားရှိမှုနှင့် သယ်ယူပို့ဆောင်ရေးနှင့်လူနာတင်ယာဉ်များ ပြင်ဆင်ထားရှိမှုအခြေအနေများကို မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်နိုင်လင်းနှင့် သက်ဆိုင်ရာဌာနတာဝန်ခံများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သဘာဝဘေး ကျရောက်လာပါက ရှာဖွေရေးနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် ယခုရက်များအတွင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ပေးပို့သည့် မုန်တိုင်းသတင်းများကို အမြဲမပြတ် နားထောင်ကြရန်နှင့် ဌာနအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများ မပြတ်ရန်၊ မိမိတို့ ရုံးများတွင် ရုံးတွင်း/ရုံးပြင် လုံခြုံရေး ကြိုတင်ဆောင်ရွက်ထားကြရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ သဘာဝဘေး ကူညီကယ်ဆယ်ရေး စုဖွဲ့ပြင်ဆင်ထားရှိမှုလုပ်ငန်းသို့ မြို့ပေါ်ရှိ ဌာနဆိုင်ရာ(၁၆)ခုမှ၊ ဌာန ဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အင်အား ၁၄၇ ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ် ဝန်ထမ်း ၅၀ ဦးနှင့် အရန်မီးသတ်အဖွဲ့ဝင် ၁၅ ဦး၊ စုစုပေါင်း အင်အား ၂၁၂ ဦး တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ မီးသတ်ယာဉ်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လူနာတင်ယာဉ်များနှင့် မြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် သယ်ယူပို့ဆောင်ရေးယာဉ်များကို စုဖွဲ့ပြင်ဆင်ထားရှိ ပြသခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)