မောင်တော မေ ၁၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးနေဦးတို့က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကော်မတီများဖွဲ့စည်းကာ ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကိုလည်း ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိပါကြောင်း၊ သဘာဝဘေးကြောင့် ရေကြီးနစ်မြုပ်နိုင်သည့် ကျေးရွာများ၏အခြေအနေများနှင့် ၎င်းကျေးရွာများအား ဘေးလွှတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်နေမှုများ၊ အသိပညာပေးဆောင်ရွက်ခဲ့မှုများ၊ စားနပ်ရိက္ခာ၊ ဆေးဝါးများ သိုလှောင်ထားရှိမှုများနှင့် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များက သဘာဝဘေးဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာန ကော်မတီဝင်များအလိုက် လုပ်ငန်းတာဝန်များအား စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား စသည့်တို့ကို ဆွေးနွေးတင်ပြခဲ့ရာ တာဝန်ရှိသူများက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)