နောင်ချို မေ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သွေးတိုး၊ ဆီးချိုရောဂါများကဲ့သို့သော နာတာရှည်ရောဂါများအပြင် အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ရာသီတုပ်ကွေး၊ ဖျားနာခြင်းများကဲ့သို့သော ရောဂါများကိုလည်း အခမဲ့စမ်းသပ်ကုပေးလျက်ရှိကြောင်း အဘိုး အဘွားများ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်စေရန်ရည်ရွယ်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းနံနက် ၈နာရီမှ ၁၀နာရီအထိ ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှု များပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သက်ကြီးဘိုးဘွားများအတွက် လိုအပ်သော ဆေးပစ္စည်းများနှင့် အာဟာရများကို ကျန်းမာရေးဦးစီးဌာနမှ ထောက်ပံ့ပေးထားသည့်အပြင် မြို့နယ်အတွင်းရှိ အလှူရှင် များကလည်း ဖြည့်ဆည်း လှူဒါန်းပေးလျက်ရှိကြောင်းနှင့် လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)