မလှိုင် မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး၊ ဒေါ်ဝင်းယုဆွေက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စီမံကိန်းတာဝန်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လယ်ယာကဏ္ဍာ၏ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များကို သက်ဆိုင်ရာဌာနများသို့ ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးအောင်ကျော်သူ၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်နှင့် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ဝင်းယုဆွေတို့က သားငါးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သစ်တော၊ လျှပ်စစ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျေးလက်လမ်း၊ စာတိုက်တို့နှင့် ပတ်သက်ပြီး ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို သက်ဆိုင်ရာဌာနအကြီးအကဲများသို့ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ အနေဖြင့် ပေးအပ်သည့်စီမံကိန်းရည်မှန်းချက်တာဝန်ကို ပြည့်မီကျော်လွန်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
မလှိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ထုတ်လုပ်မှုကဏ္ဍအနေဖြင့် (၁၅၉.၄) ဘီလီယံ၊ ဝန်ဆောင်မှုကဏ္ဍအနေဖြင့် (၂၉.၅)ဘီလီယံ၊ ကုန်သွယ်မှုကဏ္ဍအနေဖြင့် (၄၂.၃)ဘီလီယံ ရရှိရန်နှင့် (၇.၇)ရာခိုင်နှုန်း တိုးတက်ရန်လျာထားပြီး တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဦးစီးဌာန(၆)ခုမှ ဆောင်ရွက်ရမည့် လုပ်ငန်းပေါင်း(၇၀)ခု ရှိကြောင်းသိရသည်။ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများ ရရှိပါက ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)