မိတ္ထီလာ မေ ၁၁
မိတ္ထီလာ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်စေရန်ရည်ရွက်ချက်ဖြင့် အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းတို့ကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မုန်တိုင်းမဖြစ်ပေါ်မီ ကြိုတင်ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်က သတိပြုလိုက်နာဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ချိန် မိုးထစ်ချုန်းရွာသွန်းပြီး လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ပါက သတိပြုလိုက်နာ ဆောင်ရွက်သင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပြီးပါက ဆောင်ရွက်ရမည့်အချက်များ စသည့် မုန်တိုင်းအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ်များအကြောင်း သိကောင်းစရာများပါဝင်သည့် နံရံကပ်စာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့ရှိ နံရံကပ်ဘုတ်တွင်လည်းကောင်း၊ အဆိုပါ သဘာဝဘေးန္တရာယ် အသိပညာပေးအကြောင်းအရာများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို မိတ္ထီလာမြို့မဈေးအရှေ့ဘက် ဈေးရောင်းဈေးဝယ် လာသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး ဝန်ထမ်းများ ပူးပေါင်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ချမ်းသာ