မာန်အောင် မေ ၁၁
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၇ နာရီက လူစည်ကားရာနေရာများဖြစ်သည့် မြို့ပေါ်ရပ်ကွက်များနှင့် စျေးများအတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံအသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပြည်သူများအား မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့ချနိုင်စေရန်၊ မုန်တိုင်းနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့်လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သတိပြု ရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်နှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်ထုတ်ပြန် ကြေညာသော မုန်တိုင်းဘေးအန္တရာယ်သတင်းများကို အစဥ်မပြတ်နားထောင်ကြရန်၊ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပညာပေးချက်များအား ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပေးနှိုးဆော်ခဲ့ပြီး မုန်တိုင်းဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)