ဘူးသီးတောင် မေ ၁၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့်မုန်တိုင်းငယ် သတိပေးချက်များဖြစ်သည့် ယနေ့မြန်မာစံတော်ချိန် (၅)နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ဖြစ်ပေါ်နေသောမုန်တိုင်းငယ် (Depression)သည် အနောက်မြောက်ဘက်သို့ရွေလျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ တောင်အနောက်တောင်ဘက် ရေမိုင် (၄၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက်ရေမိုင် (၅၃၀)မိုင်ခန့်၊ စစ်တွေမြို့၏တောင်-အနောက်တောင်ရေမိုင် (၇၁၀)မိုင်ခန့်၊ အိန္ဒိနိုင်ငံ၊ နီကိုးဘားကျွန်း၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၁၁)မိုင်ခန့်၊ ပို့ပပဲယား၏ အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်-အနောက်ဘောင်ရေမိုင် (၇၇၀) မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါ မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေ ရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟုသတ်မှတ်ပါသည်။
အဆိုပါမုန်တိုင်းငယ်(Depression)သည် မြောက်အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာ နောက်(၉)နာရီအတွင်း ဘင်္ဂလားပင်လယ်အောက် အရှေ့တောင်ပိုင်း၌ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ လည်းကောင်း၊ ယနေ့ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (CyclonicStorm) အဖြစ်သို့လည်းကောင်း၊ (၁၁.၅.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင်အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း (၁၂.၅.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပါသည်။ ထို့နောက်(၁၄.၅.၂၀၂၃)ရက်နေ့တွင် မြောက်အရှေ့မြောက်က်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။
ယနေ့ နံနက်မှ (၁၁.၅.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်(၃၅)မိုင်မှ မိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်ပြီး (၁၂.၅.၂၀၂၃)ရက်နေ့မှ (၁၄.၅.၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေပြင်သည် တစ်နာရီလျှင် မိုင် (၇၀)မှ မိုင်(၈၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။
အဆိုပါဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ရေလျှံမှများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီ၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက် သွားနိုင်ပါရန် အကြံပြုအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)