မောက်မယ် မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ မုန်တိုင်းခန့်မှန်းသတိပေးထုတ်ပြန်ချက်အား အများပြည်သူ သတိပြုပြင်ဆင် ဆောင်ရွက်နိုင်ရန် မြို့ပေါ်ရပ်ကွက်အတွင်း၊ လူစည်ကားရာလမ်းထိပ်နေရာများတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကားဖြင့် ယမန်နေ့နေ့လယ် ၁၂နာရီက လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းသတိပေးချက်တွင် မုန်တိုင်း MOCHA သည် မေလ ၁၂ရက်နေ့တွင် တစ်နာရီ၁၀၀ ကီလိုမီတာမှ ၁၅၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်သည်ဟု ကနဦးခန့်မှန်းထားပါကြောင်း၊ ပြည်သူများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာ သွန်းခြင်းများ ကြုံတွေ့ နိုင်ပါသဖြင့် အရေးကြီး စာရွက်စာတမ်းများ၊ ဆေးဝါးများနှင့်အဖိုးတန်ပစ္စည်းများအား ကြိုတင်သိမ်းဆည်းထားရန်၊ သောက်သုံးရေနှင့်စားနပ်ရိက္ခာများကြိုတင်သိမ်းဆည်းထားရန်၊ မုန်တိုင်းသတိပေးထုတ်ပြန်ချက်အား နားဆင်ပြီး အလေးထားလိုက်နာဆောင်ရွက်သွားကြရန်၊ အရေး ပေါ်အခြေအနေကြုံတွေ့လာပါက သတ်မှတ်ထားသော စုရပ်သို့သွားရောက်နေထိုင်ကြရန်၊ ထူးခြားမှုအခြေအနေအား သက်ဆိုင်ရာ ဆယ်အိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ချက်ချင်း သတင်းပို့ဆက်သွယ်ကြရန်၊ အကယ်၍မုန်တိုင်းဝင်ရောက်ခဲ့ပါက မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း ကြေငြာမှသာမိမိနေအိမ်သို့ ပြန်လည်ထွက်ခွာကြရန် စသည့်ကြေငြာချက်များဖြင့် ပြည်သူများအား လိုအပ်သည်များကြိုတင်ပြင်ဆင်နိုင်ရန် ရပ်ကွက်များအတွင်း၊ လူစည်ကားရာလမ်းထိပ်နေရာများတွင် လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)