မိုးကောင်းမြို့၌ချောင်းရေ ဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရသည့် အိမ်ထောင်စုများ အတွက် ဆန်ရိက္ခာထောက်ပံ့ပေးအပ်

မိုးကောင်း      အောက်တိုဘာ     ၆

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၌ ရေချောင်းကမ်းဘေး အနိမ့်ပိုင်းရပ်/ကျေးများသို့ ရေဝင်ရောက် မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရသည့် အိမ်ထောင်စု(၄၅)စုရှိ လူဦးရေ(၂၁၁)ဦး အတွက်စားနပ်ရိက္ခာ ထောက်ပံ့ ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အောက်တိုဘာ(၅)ရက် ညနေ(၃) နာရီတွင် ကျင်းပပြုလုပ်သည်။

မိုးညှင်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လူတစ်ဦးလျှင်ဆန်ရိက္ခာ(၇)ရက်စာ (၂၁၀၀/-)ကျပ် နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၄၄၃၀၀၀/-)ကျပ်၊ Mask (၂၁၁)ခုနှင့် ဆပ်ပြာ(၄၅) ထောင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းကအမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဝင်များနှင့်အတူ ယာယီရေဘေးရှောင်ပြည်သူများ၏ ကိုယ်စား သက်ဆိုင်ရာရပ်/ကျေးအုပ် ချုပ်ရေးမှူး များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ရပ်/ကျေးမှတဆင့် ရေဘေးရှောင်ပြည်သူများထံသို့ လက်ဝယ်အရောက် စနစ်တကျ ထောက်ပံ့ပေးကြကြောင်း သိရသည်။

စက်တင်ဘာ(၂၉)ရက်နှင့်(၃၀)ရက်တွင် မိုးကောင်းမြို့ရှိနန့်ရင်းနှင့်နန့်ကောင်းချောင်းရေ တို့သည် စိုးရိမ်ရေအမှတ် အထက်ကျော်လွန်ခဲ့ပြီး ချောင်းကမ်းဘေးအနိမ့်ပိုင်းနေအိမ်များ ရေနစ် မြုပ်၍သွားလာ ရခက်ခဲကာ သက်ဆိုင်ရာရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ ရကြောင်းသိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)