မွန်ပြည်နယ်ဝန်ကြီးချုပ် အသက် (၁၅) နှစ်နှင့် အသက် (၁၈) နှစ်အောက် ဘောလုံးပြိုင်ပွဲများသို့ မွန်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားဘောလုံးအသင်းများ အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မော်လမြိုင်   မေ   ၁၁

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အသက် (၁၅)နှစ်နှင့် အသက် (၁၈) နှစ်အောက် ဘောလုံးပြိုင်ပွဲများသို့ မွန်ပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားဘောလုံးအသင်းများ အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ကဏ္ဍပေါင်းစုံကနေ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး မျိုးဆက်သစ် လူငယ်ကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံး အသင်းနှင့် ရာမည FCဘောလုံး အသင်း တို့အတွက် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ သည်အဓိကကျပြီးယင်းတို့ကိုထောက်ပံ့ ပေးနိုင်မှုကလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ကြောင်း၊ အားကစားသမားများ၏ ကျန်းမာရေးကိစ္စရပ်များ၊ ပညာရေးကိစ္စရပ်များကို အလေးထားစဉ်းစားကြရန် လိုအပ်သည့်အပြင် အားကစားသမားများ စိတ်ဓာတ်ပိုင်း ဆိုင်ရာမြှင့်တင်နိုင်ရန် လိုအပ်တဲ့ ပံ့ပိုးထောက်ပံ့မှုများကိုလည်း ဆောင် ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားဘောလုံးအသင်းများ ပြည်နယ်ဂုဏ်ဆောင်နိုင်ရေးနှင့် အောင်မြင်မှုများ ရရှိနိုင်ရေး အတွက် ဝိုင်ဝန်းကူညီ ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မွန်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဘော်လုံးဆပ်ကော်မတီဝင်များ၏ တာဝန်ရှိသူများမှ မွန်ပြည်နယ်ကိုယ်စားပြု အသက် (၁၅)နှစ်နှင့် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြခဲ့ကြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည်းဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)