မော်လမြိုင် မေ ၁၁
မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၏ အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်း သိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို မေလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက စေတီတော်မြတ်ကြီး၊ ရင်ပြင်တော်၊ ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်အရှင်သူများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဧည့်ပရိတ်သတ် အပေါင်းတို့က အခမ်းအနားကို “နမောတဿ” သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ကြပြီး မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပိဋကတ်တိုက်ကျောင်းစာသင်တိုက်၏ ဦးစီးပဓါနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ ပရိယတ္တိ ပထမကျော်နှင့် ဓမ္မာစရိယ ငါးဘွဲ့ရ ဆရာတော် ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယတော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းခဲ့သည်။
ထိုနောက် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓါန နာယကအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိမလ ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်း လောင်း အမျှပေးဝေခဲ့ကြပြီး “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ ဆက်)