သီပေါ မေ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ မိုးလေဝသနနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိလိုက်နာနိုင်စေရန်၊ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ဒုဋ္ဌဝတီမြစ်ကမ်းဘေးနှင့် နမ့်ပေါချောင်းဘေးတစ်လျှောက်ရှိ ရပ်ကွက်များနှင့် ကျေးရွာများသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်းခွဲတို့မှ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များနှင့် မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးကို ပြည်သူများသိရှိလိုက်နာနိုင်စေရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကာ ပူးပေါင်းအဖွဲ့တို့မှ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရေဘေး၊ မြေပြိုဘေး စသည့်သဘာဝဘေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မီးသတ်ဦးစီးဌာနမှ ရေကြီးရေလျှံမှုဖြစ်ပေါ်လာပါက ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ ဘေးအန္တရာယ်ကျရောက်ပါက ကာကွယ်ရန်နည်းလမ်းများကို လက်တွေ့သရုပ်ပြသ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့ဝင်များဖြစ်သော မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒေါ်ခင်နီလာစိုး(ဦးစီးအရာရှိ)