ပုဗ္ဗသီရိ မေ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပေးချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိ ပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်မှ စတင်၍ ဆောင်ရွက်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် သဘာဝဘေးစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများပါ ဝင်သည့်အဖွဲ့များမှ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများသို့ လှည့်လည်ကာ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ် အခြေအနေ၊ မုန်တိုင်းတည်နေရာနှင့် ဗဟိုချက်၊ မုန်တိုင်းလေဖိအားနှင့် လေတိုက်နှုန်း၊ သတိပေးနှိုးဆော်ချက်များအား ပြည်သူများသိရှိ နိုင်စေရန်အတွက် အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)