ရေတာရှည် အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် သက်ရင်မိုးစပါးများစတင်ရိတ်သိမ်းလျက်ရှိပြီး လက်ရှိ ရိတ်သိမ်းပြီးစက်ကျ အစိုးတင်း ၁၀ဝ လျင် ကျပ် ၅ သိန်းဝန်းကျင် ဈေးဖြင့်ဝယ်ယူလျက်ရှိနေကြောင်းသိ ရသည်။ သက်ရင်စပါးမျိုးဖြစ်သော ထိုင်းကောက်၊ ထိုင်းနှံကောက် အစရှိသည့်စပါးများရိတ်သိမ်းရာတွင် တစ်ဧကလျင် တင်း ၆၀ နှုန်း ပျှမ်းမျှထွက်ရှိပြီး လတ်တလောဈေးကွက်အနေအထားအရဆိုလျင် တောင် သူများအနေဖြင့်တွက်ခြေကိုက်လျက်ရှိကြောင်း ဒေသခံတောင်သူများထံမှသိရှိရသည်။
“တစ်ဧကစိုက်ပျိုးမယ်ဆိုရင် စပါးမျိုးဖိုး၊ ထွန်ယက်ခ၊ လုပ်သားငှားရမ်းခ၊ ပိုးသတ်ဆေး၊ ပေါင်း သတ်ဆေး၊ ရိတ်သိမ်းခ အားလုံးတွက်ကြည့်ရင် ကုန်ကျစရိတ် ၂ သိန်း ၈ သောင်းလောက်ကုန်ပါတယ် အခုဈေးကွက်ပေါက်ဈေး အရဆိုရင်တော့ မဆိုးပါဘူးတောင်သူတွေအတွက် အဆင်ပြေပါတယ်”ဟု ကုန်း ကြီးကျေးရွာအုပ်စု၊ ပြီစုတ်ကျေးရွာနေ ဦးဝင်းမြင့် ကပြောကြားသည်။ မိုးဦးရာသီကာလတွင် မိုးရွာသွန်းမှု နည်းပါးခဲ့သည့်အတွက် တောင်သူအများစုမှာ အခြောက်ထယ်ရေးဖြင့်ကြဲပက်စိုက်ပျိုးခဲ့ကြခြင်းဖြစ်၍ အစော ပေါ်သည့် တောင်သူများသည် စပါးအစိုတင်း ၁၀ဝ လျင် ကျပ် ၅ သိန်းခွဲဖြင့် ရောင်းချခဲ့ကြရပြီး လက်ရှိ ကိုဗစ် ၁၉ ကာလ ရန်ကုန်-မန္တလေးကားလမ်းတစ်လျောက် ကုန်တင်ယာဉ်များအား ကျန်းမာရေးစစ်ဆေး ခြင်းနှင့် နေပြည်တော်ကောင်စီနယ်မြေကို ဖြတ်သန်းရာတွင်ကန့်သတ်မှုများရှိနေခြင်းကြောင့် စပါးဝယ်ယူသူများ ခေတ္တရပ်နားခြင်းအပြင် အရောင်းအဝယ်လုပ်ကိုင်သူများနဲပါးသွား၍ စပါးအစိုတင်း ၁၀ဝ လျင် ကျပ် ၅ သိန်းအထိကျဆင်းသွားခဲ့သည်။
စပါးအရောင်းအဝယ်ပြုလုပ်ရာတွင် နေပြည်တော်၊ လယ်ဝေး၊ အေလာမြို့များမှ စပါးအရောင်း အဝယ်ပြုလုပ်သူများလာရောက်ဝယ်ယူသည့်အခါဈေးကောင်းရရှိကြပြီး လတ်တလောအနေဖြင့် မြို့နယ် အတွင်းရှိ ဆန်စက် နှင့် ဆန်းအရောင်းအဝယ်ပြုလုပ်သူများကသာ ကျေးလက်ဒေသများတွင် တဆင့်ခံ စပါးအရောင်းလုပ်သည့် ပွဲစားများကတဆင့် ကော်မရှင်ပေးကာစပါးဝယ်ယူလေ့ရှိရာ လမ်းပန်းဆက်သွယ် မှုကောင်းမွန်းခြင်းမရှိသည့်အခါ ၄င်းတို့သတ်မှတ်သည့်ဈေးဖြင့်သာရောင်းချနိုင်မည်ဖြစ်၍ တောင်သူများ အတွက် နစ်နာမှုများရှိနိုင်ကြောင်း သုံးသပ်ပြောကြားမှုများလည်းရှိနေသည်။
သူတို့က ဒီဈေးပဲပေးနိုင်မယ်ဆိုလဲ တောင်သူတွေကရောင်းရမှာပဲ ဘာလို့လဲဆိုတော့ လက်ရှိ ရိတ်သိမ်း ခ ပေးရမယ်၊ သယ်ယူစရိတ်တွေရှိတယ် နောက် စပါးကိုခြောက်အောင်လှန်းမယ်ဆိုရင် လုပ်သားတွေ ထပ်ငှားရမယ် စပါးအထွက်ပါလျော့သွားမယ်ဆိုတော့ အလုပ်အရှုပ်မခံနိုင်ကြတော့ ရတဲ့ဈေးနဲ့ရောင်း လိုက်ရတဲ့အနေအထားတွေဖြစ်နေတာ လမ်းပန်းဆက်သွယ်မှုကောင်းအောင်လုပ်ပေးနိုင်မယ်ဆိုရင်တော့ တောင်သူတွေအတွက် ဈေးကွက်အခွင့်အလန်းဒီထက်ပိုကောင်းနိုင်မှာပါဟု ဆွာမင်းလမ်းကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာနေ တောင်သူ ဦးသန်းလွင် ကပြောကြားသည်။
ဆု(ပြန်/ဆက်)