မန့်ဟီးရိုးမြို့တွင် ဒေသထွက် ကြက်သွန်နီစိုက်ပျိုးမှုကို တနိုင်တပိုင်အဆင့်မှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုး

မန့်ဟီးရိုး မေ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့သည် မြန်မာ-တရုတ်နယ်စပ်မြို့လေးဖြစ်ပြီး မွေးမြူရေးနှင့် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော ရွှေလီမြစ်ဝှမ်းလွင်ပြင်ဒေသတွင် တည်ရှိလျက် ရာသီရှည်သီးနှံအပြင် ရာသီတိုသီးနှံများကို အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ဒေသထွက်ရာသီတို့စိုက်ပျိုး သီးနှံဖြစ်သော ကြက်သွန်နီစိုက်ပျိုးမှုသည် ယခင်က မိသားစုစားသောက်ရုံသာ တနိုင်တပိုင်စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် တခြားမြို့နယ်များသို့ တင်ပို့ရောင်းချရန်အထိ အဓိကစီးပွားဖြစ် စိုက်ပျိုးသီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။

အဆိုပါ ဒေသထွက်ကြက်သွန်နီစိုက်ပျိုးမှုသည် ကြက်သွန်နီစိုက်ခင်း တစ်ဧကလျှင် ပိသာချိန် (၃၅၀၀)မှ ပိသာ(၄၀၀၀)အထိ ထွက်ရှိအောင်မြင်ဖြစ်ထွန်း လျက်ရှိကာ စိုက်ပျိုးချိန်မှ ကြက်သွန်နီသီးလုံးရင့် သန်ချိန်အထိ (၄)လကျော်ခန့် စိုက်ပျိုးရပြီးစနစ်တကျ စိုက်ပျိုးမြေဘောင်တင် ပြုလုပ်လျက် မြေအောက် ရေအပြင် ရှေလီမြစ်ရေကို ရေတင်စက်များဖြင့် ကြက်သွန်နီပျိုးခင်းများသို့ ပတ်ဖြန်းစေကာ တိုးချဲ့စိုက်ပျိုး လုပ်ကိုင်လျက်ရှိပါသည်။ ထို့အပြင်ကြက်သွန်နီသည် ရေကို သင့်တင့်ရုံမျှသာ သောက်သုံးပြီး ပျိုးပင်ပေါက်ချိန် တွင် ပျိုးပင်စိုက်ခင်းအတွင်း ရေဝပ်သည်အထိ ရေအရမ်းမကြိုက်သောသီးနှံဖြစ်ကြောင့်  ဂရုတစိုက် ရေသွင်းစိုက်ပျိုးရ၍ ကြက်သွန်နီ သီးလုံးရင့်သန်ချိန်တွင် ရေကိုဝသည့်အထိနောက်ဆုံးရေအဖြစ် စိုက်ခင်းကို ရေသွင်းပေးထားရပါသည်။ ယင်းအပြင် ကြက်သွန်နီသီးလုံး ရင့်သန့်ချိန်တွင်လည်း ရာသီဉတုကို ချင့်ချိန်တွက်ဆလျက် မိုးရာသီမဝင်ခင်အမှီ ရိတ်သိမ်းရပြီး ကြက်သွန်နီဉသည် မိုးပေါက်ထိမှန်၍ မရသောကြောင့်‌ ဈေးကောင်းမရရှိနိုင်ကြောင်းကို မန့်ဟီးရိုးဒေသကြက်သွန်နီ စိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ယခုကြက်သွန်နီ ကာလဒေသပေါက်ဈေးအရ   ကြက်သွန်နီ(အလုံးကြီး) တစ်ပိသာလျှင် မြန်မာငွေ(၃၅၀၀) ကျပ်နှင့် တရုတ်ငွေ ယွမ်(၁၀)နီးပါးခန့် ၊ကြက်သွန်နီ(အလုံးသေး) တစ်ပိသာလျှင် မြန်မာငွေ (၃၀၀၀)ကျပ်နှင့်တရုတ်ငွေ (၇)ယွမ်ကျော်ဖြင့် ရောင်းချရပြီး တခြားသော မြို့နယ်များသို့ လက်လီဈေးအပြင် လက်ကားဈေး ဖြင့်လည်း တင်ပို့ရောင်းချရောင်းချရသောကြောင့် ဒေသခံတောင်သူများ မိသားစုစီးပွားရေး အဆင်ပြေလျက် ရှိပါသည်။

မန့်ဟီးရိုးမြို့တွင် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများထက် စိုက်ပျိုးရေးကို အဓိကထားစီးပွားဖြစ် လုပ်ကိုင်လျက်ရှိပြီး ဒေသထွက်စိုက်ပျိုးသီးနှံများဖြစ်သော ရှမ်းဆန်၊ ရှမ်းပြောင်း၊ မုန့်ညှင်း၊ မုန်လာဉဖြူ၊ ပန်းဂေါ်ဖီ၊ ကိုက်လန်ပင်နှင့်အခြား ဟင်းသီးဟင်းရွက်များကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလျက်ရှိကာ စီးပွားဖြစ် ကြက်သွန်နီများနှင့် စတော်ဘယ်ရီကို လက်ရှိတိုးချဲ့စိုက်ပျိုး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မန့်ဟီးရိုး(ပြန်/ဆက်)