တံတား မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ တိုင်းရင်းဆေးဝါးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က သွေးတိုးရောဂါဖြစ်ပွားရခြင်းအကြောင်း၊ သွေးတိုးရောဂါနှင့် နောက်ဆက်တွဲ ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်း ဆောင်ရန်ရှောင်ရန်များကို မေးမြန်းဆွေးနွေးရာ တံတားမြို့ တိုင်းရင်းဆေးကုသဌာနမှ တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူမှ သွေးတိုးရောဂါ ဖြစ်ပွားရခြင်းမှာ အာဟာရမညီမျှမှု၊ အသွားအလာ အနေအထိုင်အစားအသောက် မဆင်ခြင်ခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ မျိုးရိုးလိုက်ခြင်း စသည်တို့ကြောင့် သွေးတိုးရောဂါဖြစ်ပွားတတ်သည်၊ ထို့နောက် သွေးတိုးရောဂါကြောင့် နောက်ဆက်တွဲဖြစ်ပွားတတ်သည့် ရောဂါများမှာ ဦးနှောက် ရောင်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ ပေါက်ခြင်း၊ နှလုံးအားနည်းခြင်း၊ မောပန်းလာခြင်း စသည့်ရောဂါများဖြစ်ပွားတတ်ကြောင်း၊ သွေးတိုးရောဂါလျှော့ချနိုင်ရန် နေ့စဥ်ပုံမှန်မိနစ် (၃၀) လမ်းလျှောက်သင့်ကြောင်း၊ အသက်ရှူလေ့ကျင့်ခန်းနှင့် ကိုယ်လက်လှုပ်ရှားမှုကို နေ့စဥ်ပြုလုပ် သင့်ကြောင်း၊ ဝမ်းချုပ်စာများရှောင်ရှားသင့်ကြောင်း၊ အပူအအေးမျှတအောင်နေထိုင်သင့်ကြောင်း စသည်တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အသိပညာဗဟုသုတရအောင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ (တံတားပြန်ဆက်)