မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်အတွင်းရှိ Lockdown ချထားသော လမ်းများရှိ အိမ်ထောင်စု များအတွက် အလှူရှင်များမှ စားသောက်ကုန်များ လှူဒါန်း

မင်္ဂလာဒုံ   အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ ပတ္တမြားမြို့သစ်ရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၃၉)စုအတွက် အလှူရှင်များမှ ဆန်၊ ဆီ၊အာလူး၊ ကြက်ဥနှင့် Mask နှာခေါင်းစည်းများကို ယမန်နေ့ ညနေပိုင်းက ပေးအပ် လှူဒါန်း သည်။

အဆိုပါ စားသောက်ကုန်များကို မင်္ဂလာဒုံမြို့နယ်ရှိ ငွေစင်ပုလဲ နွားနို့လုပ်ငန်း မိသားစု၊ ရှင်းရှင်း ဖုန်းဆိုင် မိသားစု၊ ပဒေသာဆန်ဆိုင် မိသားစု၊ အနွယ်တော်စတိုး မိသားစု၊ ခေတ်မီးအိမ် စာကြည့်တိုက်၊ ပုလဲရတနာစာကြည့်တိုက်၊ VTCL ကုမ္ပဏီရှိ ဝန်ထမ်း မိသားစုများ၊ ရပ်ကွက် အလှူရှင်များက စုပေါင်း လှူဒါန်းကြခြင်းဖြစ်ပြီး တစ်အိမ်လျှင် ဆန်(၂)ပြည်၊ ဆီ ၃၀ သား ၊ ကြက်ဥ (၅)လုံးစီနှင့် Mask နှာခေါင်းစည်းများအား ပေးအပ်လှူဒါန်းကြရာ အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့များမှ လိုက်လံ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အလားတူ ၎င်းအလှူရှင်များက ပုလဲမြို့သစ်ဆေးရုံသို့ ဆန်တစ်အိတ်၊ အဆောင်များရှိ စက်ရုံ အလုပ်သမား အိမ်ထောင်စု (၁၀၀) စုအတွက် ဆန်၊ ဆီ၊ အာလူး၊ ကြက်ဥနှင့် Mask နှာခေါင်းစည်း များ လှူဒါန်းပေးခဲ့ကြသည်။

ဇင်ငြိမ်း(ပြန်/ဆက်)