သံဖြူဇရပ်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး ဗီနိုင်ပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်

သံဖြူဇရပ် မေ ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးဆောင်၍ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က လူစည်ကားရာနေရာဖြစ်သည့် အောင်ချမ်းသာရပ်ကွက် လမ်းစုံအနီးတွင် စိုက်ထူခဲ့ကြသည်။

အဆိုပါမုန်တိုင်းဘေးအန္တရာယ် အသိပညာပေးပိုစတာတွင် မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဦးတည်ရာအလိုက် အရောင်သတ်မှတ်ခြင်းနှင့် မုန်တိုင်း ဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များပါဝင်ပြီး ပြည်သူများဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး စိုက်ထူခြင်းဖြစ်ကြောင်း သိရသည်။

မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး ပိုစတာစိုက်ထူပွဲသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသူရဦးနှင့်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းနှင့် ပြည်သူများ မုန်တိုင်းအန္တရာယ် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

အလားတူ ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ်ကွက်ဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်သန်းမှဦးဆောင်၍ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြသော ရေလုပ်သားများအား မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပင်လယ်ပြင်မထွက်ကြစေရေးနှင့် ငါးဖမ်းလှေများ လုံခြုံစိတ်ချသောနေရာများတွင် ထားရှိကြစေရေး အသိပညာပေး ဟောပြောခဲ့ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)