ကွမ်းခြံကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ကွမ်းခြံကုန်း မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံ၍ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များ ဆွေးနွေးမှာကြားခဲ့ကြောင်း  သိရသည်။

ဆက်လက်ပြီး သဘာဝဘေးကြိုတင် ကာကွယ်ရေးအတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် ကွမ်းခြံကုန်းမြို့နယ်  မီးသတ်စခန်းသို့ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မုန်တိုင်းအန္တရာယ်သတိပေးနှိုးဆော်မှုအား  စဥ်ဆက်မပြတ်ဆောင်ရွက်ကြရန်၊ သဘာဝဘေးအန္တရာယ်မကျရောက်မည့် ကြိုတင်ပြင်ဆင်ထားရမည့်အရာများ၊  ယာဥ်နှင့်စက်ယန္တရားများ  အဆင်သင့်ပြင်ဆင်ထားရှိမှုများ၊ သဘာဝဘေးအန္တရာယ် ကျရောက်ပါကဆောင်ရွက်သင့်သည့် အကြောင်းအရာများ စသည့်လိုအပ်သည်များ မှာကြားပြီး မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုနောက် လက်ခုပ်ကုန်းကျေးရွာ  မုန်တိုင်းဒဏ်ခံ အဆောက်အဦးဖြစ်သည့်  (Cyclone Shelter)သို့ ရောက်ရှိပြီး (Cyclone   Shelter) အဆောက်အဦးအား လှည့်လည့်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ  လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ ဆက်)