လားရှိုး မေ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာ၊ ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင် ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူ(၄၀၀)ဦးတို့အား အထွေထွေရောဂါကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းဆရာဝန်၊ ဆေးကုသမှုပါရဂူ၊ ခွဲစိတ်အထူးကုဆရာဝန်၊ သားဖွား မီးယပ်ပါရဂူ၊ ကလေးအထူးကု ဆရာဝန်၊ အရိုးအထူးကုဆရာဝန်စသည့်အထူးကုဆရာဝန်များ ဦးဆောင်သော ဆေးကုသရေးအဖွဲ့များဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများနှင့် အာဟာရများထောက်ပံ့ပေးခြင်း များဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်နေမှုများကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီချုပ်နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်